မိခင်နို့တိုက်ခြင်း အနုပညာ

တကယ်တော့ အောင်မြင်တဲ့ ကလေးမွေးဖွားခြင်းဆိုတာ ကလေးမွေးပြီး ကလေး နဲ့ မိခင် အဆင်ပြေပြေ နို့ တိုက် နိုင်တဲ့အထိ ကိုခေါ်မယ်ဆို မမှားပါဘူး အရင်ကလေးမွေးထားဖူးပြီး နို့တိုက်ဖူးတဲ့ မိခင်တွေအတွက် ပြဿနာသိပ်မဟုတ်ပေမယ့် သားဦးမိခင်တစ်ယောက်အတွက်တော့ မိခင်နို့တိုက်ကျွေးရတာဟာ စိတ်ရောလူရော တကယ်ပင်ပန်းတဲ့အတွေ့ အကြုံပေါ့

ဒါကြောင့် မိခင်နို့ အောင်မြင်စွာတိုက်ကျွေးရေးအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ( WHO) နဲ့ UNICEF ကအများကြီး အားစိုက်ထုတ်ခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူး အရေးကြီးတာကိုးနော်

မွေးကင်းစ ကလေးကနေ အသက် ၆ လ အထိ မိခင်နို့ လောက်ကောင်းတာ ရှိ မှ မရှိပဲ ဘယ်လောက် နို့ မှုန့် ကောင်းတဲ့ တံဆိပ်အမျိုးအစား ဖြစ်ပါစေ မိခင်နို့ ကို မမှီနိုင်ဘူး၊ အစားထိုးလို့ မရနိုင်ဘူး မိခင်နို့ ထဲ မှာပါတဲ့ ကိုယ်ခံအားဓါတ် ပဋိပစ္စည်းတွေ၊ ဥာဏ်ကောင်းစေတဲ့ ပစ္စည်းတွေ၊ အစာကြေစေတဲ့ အရာတွေ၊ မိခင်ကိုချစ်ခင်စေတဲ့ ဓါတ်တွေ အများကြီးပါတာလေ ဒါတွေကို နို့ မှုန့် ထဲမှာ တီထွင် ဖန်တီး ထည့်သွင်း မထုတ်လုပ်နိုင်ဘူးလေ

ဒါတင်ပဲလား ဘယ်ဟုတ်မှာလဲ မိခင်အတွက်လည်း ကောင်းတာတွေ အများကြီး မိခင်နို့ တိုက်ကျွေးတာဟာ မွေးပြီးမိခင်ရဲ့ သားအိမ်ကို ကျုံ့စေလို့ သွေးသွန်တာကို ကာကွယ်လျှော့ချပေးတယ် ရေရှည်မှာ ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးတယ် ဒါနဲ့တင် မိခင်နို့ တိုက်ဖို့ အကြောင်း လုံလောက်နေပါဘီ တခြားအကြောင်းတွေ အများကြီး အချိန်မကုန်၊ လူသက်သာ၊ ငွေမပန်း အို ပြောစရာတွေ မကုန်နိုင်ဘူးပေါ့ ဒီလောက်ကောင်းတဲ့ မိခင်နို့ ကို ရင်သွေးလေးဆီ အပြည့်ဝရောက်ဖို့ဆို မိခင်နို့ အောင်မြင်စွာတိုက်ကျွေးဖို့ အရေးကြီးတာပေါ့

ဒါပေမယ့် မိခင်နို့ တိုက်ကျွေးတာကို ရာနှုန်းပြည့်အောင်မြင်ဖို့ ကမ္ဘာ မှာရော မြန်မာနိုင်ငံမှာ ခုထိ ကြိုးစားနေရဆဲပါ မိခင်နို့ တိုက်ကျွေးရေး စီမံချက် သင်တန်းတွေပေးရတာ အများကြီးပေါ့ ဆရာဝန်၊သူနာပြုတွေကို ပို့ချတာနော် ၊ သာမာန်ကလေးမိဘတွေကို သင်တာမဟုတ်ဘူးနော် သင်တန်းတစ်ခုကို ၃ ရက်ကနေ ၅ ရက်လောက်ကြာအောင်ပေးရတာ သင်တန်းစာအုပ်ကလည်း အထူကြီးပေါ့ ကဲ အခု ဒီစာလေးရေးတာလောက်နဲ့ တော့ အများကြီး မမျှော်လင့်ထားသလို စုံအောင်လည်းပြောဖို့ မဖြစ်နိုင်ပါဘူး ဒါပေမယ့် နေ့စဉ်မိခင်တွေ အများဆုံးကြုံတွေ့ ရတဲ့ အခက်အခဲလေးတွေ၊ အယူအဆအမှားလေးတွေ ကိုပဲ ပြောပြချင်တာပါ နည်းနည်းလောက် အကျိုးရှိသွားတယ်ဆိုရင်ပဲ ကျေနပ်ဝမ်းသာရမှာပါလေ

(၁) မိခင်နို့ တိုက်ကျွေးတာအောင်မြင်ဖို့ ကိုယ်ဝန်ဆောင်စဉ်ကထဲက ကြိုတင်ပညာပေး ရှင်းပြတာမျိုး လုပ်ထားပေးဖို့ လိုပါတယ် ဉီးစားပေးအနေနဲ့ -မိခင်နို့ ရဲ့ ကောင်းမွန် တဲ့ အချက်တွေ ( အထက်မှာ ပြောပြထားသလိုပေါ့) -မွေးပြီးနာရီဝက်အတွင်း (စောနိင်သမျှစောစော) မိခင်နို့ စတိုက်ဖို့ -မိခင်နို့က ကလေးမွေးပြီး ချက်ချင်း မထွက်တာ သဘာဝဆိုတာ သိအောင် ( အထူးသဖြင့် ခွဲမွေးတဲ့ မိခင်တွေ၊ သားဦးမိခင်တွေ၊ ကိုယ်ဝန်ရက်မစေပဲစောမွေးတဲ့ မိခင်တွေ ပေါ့) -နို့ မှုန့် တိုက်စရာ မလိုကြောင်း (နို့ မှုန့် တိုက်လေ မိခင်နို့ တိုက်ဖို့ မအောင်မြင်လေ ပေါ့) -ကလေးအသက် (၆)လထိ မိခင်နို့ တစ်မျိုးထဲ တိုက်ဖို့ ဒါမျိုး ပညာပေးစကားလေးတွေ ကြိုပြောထားဖို့လိုပါတယ်

(၂) မိခင်နို့တိုက်ကျွေးတာဟာ မွေးပြီး ပထမ (၁) ပတ်အတွင်းက အရေးကြီးဆုံးပေါ့ အတွေ့ များ တဲ့ အခက်အခဲလေးတွေကိုပဲ ပြောပြပါရစေ – “ကလေးအနေအထားနှင့်ထိကပ်မှုမှားတာပါ´´ အများအားဖြင့် မိခင်တွေဟာ ကလေးကို ပက်လက်အနေထားမှာ ထားပြီး နို့ တိုက်တာပါ မိခင်ကတော့ ခါးကုန်းခေါင်းငုံ့ ပြီးတိုက်တာပေါ့ အဲ့တော့ ကလေးက မိခင်နို့ ကို လည်ပင်းလိမ်ပြီး စို့ နေရတယ် ကိုယ်တောင် ရေသောက်ရင် ရေခွက်ကို မျက်နှာရှေ့ တည့်တည့် မထားပဲ ပုခုံးနားထားပြီး မော့သောက်ကြည့်ပါ့လား အဆင်မှ မပြေတာ မိခင်ကရော တချိန်လုံး ခေါင်းငုံ့ ကလေးပါးစပ်ကို ချိန်ပြီးတိုက်နေရတော့ ဇာတ်တွေညောင်း ၊ ခေါင်းတွေအုံကိုက်တာပေါ့ ဒါဆို ကလေးကိုဘယ်လိုထား နို့တိုက်ရင် အဆင်ပြေမလဲ မိခင် – သက်သောင့်သက်သာ အနေအထားမှာ နေပါ အိပ်လျက်ဖြစ်ဖြစ်၊ ထိုင်လျက်နောက်မှီလို့ ဖြစ်ဖြစ်ပေါ့ ကလေး – ကလေးကို မိခင်ဘက်မျက်နှာမူပြီး ဘေးစောင်းအနေအထားနဲ့ ၀မ်းဗိုက်ချင်းထိကပ်ထားပါ ကလေးလက်က မိခင်နဲ့ကြားမှာ ညပ်နေ၊ခုနေတာမျိုး မဖြစ်ပါစေနဲ့ ဒါမှ အနေထားမှန် ထိကပ်မှုမှန်တာပါ `´´မိခင်နို့ကိုကောင်းစွာမငုံမိတာမျိုးပါ´´ ဒါလည်း သိပ်ကို အရေးကြီးပါတယ် မေမေ အများစုဟာ ကလေးနို့ တိုက်ရင် ကလေးနှာခေါင်းကို မိမိနို့ နဲ့ ဖိပြီး ပိတ်မိမှာ ကလေးအသက်ရှူ ခက်သွားမှာ စိုးရိမ်တတ်ကြတာ တော်တော်များများ တွေ့ရတတ်ပါတယ် ဒါကြောင့် ကလေးကို ချိုချို နဲ့ သေချာ ကပ်မတိုက်ပဲ ခွာတိုက်တတ်ကြပါတယ် ချိုသီးခေါင်းလေးတင်ပဲ ငုံခိုင်းပြီး တိုက်တတ်ကြတာ နောက် မမှီတော့မှ ကုန်းလိုက်ပြီး တိုက်တတ်ကြတာပါ လွန်ဆွဲသလိုကို ဖြစ်လို့ ကလေးကို မမှီမကမ်း နဲ့ စို့ ခိုင်းတာလေ ရီစရာပြောရရင် ငယ်ငယ်က ကလေးမုန့် စားပြိုင်ပွဲ ကြည့်ရသလိုပဲ ဘီစကစ်လေးတွေ ကြိုးတန်းမှာ ဖောက်ပြီးတန်းလန်းချီထား ကလေးအရပ် နဲ့ မမှီတမှီထား လက်နောက်ပစ်ခိုင်းပြီး စားခိုင်းတဲ့ကစားနည်းလိုပဲ ဒါဆို ဘယ်လိုတိုက်ရမှာလဲ ရှေ့မှာပြောခဲ့သလို ကလေးနဲ့ မိခင် အနေအထား နဲ့ ထိကပ်မှု မှန်ပြီဆိုရင် ကလေး နှုတ်ခမ်းလေး နဲ့ မေမေ့ ချိုသီးထိပ်လေးနဲ့ ထိပေးလိုက်ပါ ကလေးပါးစပ် ကောင်းကောင်းမဟသေးခင် ကလေးပါးစပ်ထဲ ချိုကိုမထည့်ပါနဲ့ မေမေ့ချိုမှန်းသိတော့ ကလေးကပါးစပ် အကျယ်ကြီးဟလိုက်မှ ချိုကို အညိုကွင်းအထိ တခါထဲ ထည့်လိုက်ပါ အညိုကွင်းထိ ငုံခိုင်းပါ ချိုသီးခေါင်းလေးပဲ မငုံမိပါစေနဲ့ ကလေးမေးစေ့က မိခင်နို့အုံနဲ့ ထိကပ်နေရပါမယ် အောက်နှုတ်ခမ်းလေးက အပြင်ဘက်ကို လန်နေရပါမယ် မိခင်ရဲ့ ချိုအညိုကွင်းအောက်ဘက်တော်တော်များကို ကလေးပါးစပ်က ငုံထားရပါမယ် ကလေး နို့စို့နေစဉ်မှာ ပလပ်ပလပ် ပြွတ်ခနဲအသံမြည်နေရင်၊ ပါးတွေချိုင့်နေအာင် စို့နေရရင်၊ နို့ကိုချွတ်လိုက်ပြန်စို့လိုက်နဲ့ ဇီဇာကြောင်ဘ၀င်မကျဖြစ်နေရင်၊ မိခင်နို့သီးခေါင်းနာကျင်ကွဲနေရင် ကလေးနို့တိုက်နည်း အနေအထားနဲ့ ငုံတာ နည်းမမှန်ဘူးဆိုတဲ့သဘောပါ

(၃) မိခင်နို့ မထွက်ဘူး၊ နို့ ထွက်မသန်ဘူး ဆိုပြီး ပူပန်မှုများခြင်းမွေးပြီးချက်ချင်း နို့မထွက်သေးတာ၊ နို့ထွက်မသန်သေးတာ သဘာဝပါ။ မိခင်ရဲ့ စိတ်ဖိစီးမှုများလေ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းလေ နို့ထွက်တာကို နှောင့်နှေးစေလေပါပဲ ဒါကြောင့် နို့တိုက်မိခင်ကို မိသားစုဝင်တွေက ဖိအားမပေးသင့်ပါဘူး၊ စိတ်ခွန်အားနဲ့ နှစ်သိမ့်မှုပေးတာမျိုးပဲလုပ်ပေးသင့်ပါတယ်၊ ဝိုင်းဝန်းကူညီ ပံ့ပိုးသင့်ပါတယ် နို့ထွက်မြန်ဖို့ နဲ့ နို့ထွက်သန်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ရှေ့ မှာပြောခဲ့သလို မိခင်နို့ကို စနစ်တကျ မကြာခဏတိုက်တာ၊ အချိန်ကြာကြာတိုက်တာ၊ ကလေးစာတိုင်းတိုက်တာ၊ ဖြည့်စွက်နို့ မှုန့် မတိုက်တာ၊ ချိုလိမ်၊နို့သီးခေါင်းအတုမသုံးတာ တွေလိုက်နာဖို့ပါပဲ ကဲပြောတာတွေ တအားများသွားလို့ မှတ်ရတာရှုပ်မှာစိုးလို့ ဒီလောက်ပဲ အရင်ပြောပါရစေ

“ကလေး နဲ့ မိခင် ပြုံးပျော်ရွှင် နို့ချိုတိုက်ကျွေး အစဉ်အားပေး ရောဂါကင်းဝေး ကျန်းမာရေး “

မေတ္တာဖြင့် ဝေမျှပေးသော ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာ စိုးသိန်းထိုက်အား မင်္ဂလာဆေးရုံကြီးမှ အထူးပင်ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။